တညသ၌ အိပ်မက်တွင် ဆရာဇော်ဂျီက ဆုံးမခြင်း

နိုင်ငံတကာမှာ
မြန်မာကဗျာတွေ
ကြွယ်ဝသလိုပဲ
မြန်မာကဗျာဆရာတွေလည်း ဖောထေး။

သုခုမ ကဗျာဆရာ
တုမရ ကဗျာဆရာ
ဆုရ ကဗျာဆရာ။

ပြည်ပြေး ကဗျာဆရာ
ပြည်ဝေး ကဗျာဆရာ
ပြည်ရေး ကဗျာဆရာ။


လေးလုံးစပ် ကဗျာဆရာ
လေးချိုးစပ် ကဗျာဆရာ
ဒွေးချိုးစပ် ကဗျာဆရာ။

ခေတ်ပေါ် ကဗျာဆရာ
အသစ်မျှော် ကဗျာဆရာ
ချစ်ဖော် ကဗျာဆရာ။

ခေတ်အွန်လိုင်း ကဗျာဆရာ
စစ်ကျွန်တပိုင်း ကဗျာဆရာ
နှစ်လွန်ချိုင်း ကဗျာဆရာ။

ကဗျာဆုပေးတဲ့ ကဗျာဆရာ
သာဓုပေးတဲ့ ကဗျာဆရာ
ကလျာနုသွေးရဲ့ ကဗျာဆရာ။

ဂန္ထဝင် ကဗျာဆရာ
တံတျာရှင် ကဗျာဆရာ၊
ငြိမ်းချမ်းရေး ကဗျာဆရာ
စိန်းလန်းရေး ကဗျာဆရာ၊
သေလွန်တဲ့ ကဗျာဆရာ
ခြေကျွံတဲ့ ကဗျာဆရာ။

လက်ပါးစေ ကဗျာဆရာ
တသက်အပါးနေ ကဗျာဆရာ၊
သေနတ်ချင်း ပစ်မယ့် ကဗျာဆရာ
စကတ်ချင်း ချစ်မယ့် ကဗျာဆရာ။

ခင်ဗျား ဘာပြောချင်တာလဲ
ရှင်းရှင်းပြော
မသေခင် ပြောခဲ့တဲ့
သူတယောက်ဟာ
ကဗျာဆရာ ဆိုတဲ့ အနက် သိဟန်မတူ။

ကဗျာဆရာ ဆိုရင်
သားသတ်လိုင်စင်ကို
အာဏာပိုင်ထံက
လေလံမဆွဲဘူးကွဲ့။
မင်း မောင်ဝန့်စာတွေ မဖတ်ဖူးလား။

မောင်လွမ်းဏီ
၂၄ - ၇ - ၂၀၁၁

No comments:

Post a Comment

;