၂ မျက်နှာ ၃ မျက်နှာ

သြဂတ်စ် ၅ ရက်နေ့ ညက မဇ္စျိမ တာဝန်ခံ အယ်ဒီတာ ပေးပို့လာသည့် စာလွှာကို အင်တာနက်၌ တွေ့ရပါသည်။

အဖေနဲ့ အမေကတော့ အညာမြေလတ် ဇာတိမြို့ က ရွှေလင်ပန်းသုဿာန်မှာ မှေးလျောင်း  အိပ်စက်နေကြပါပြီ။
အမေ က ၁၉၉၄၊ အဖေက ၂ဝဝ၆။  ကျနော်ကတော့ ရွာကို ပြန်မရောက်နိုင်သေးတဲ့ တိုင်းနိုင်ငံမဲ့သူကြီးပါ။

ရေးဖော်တယောက်ပြောတဲ့  လက်နက်ကိုင် ကဗျာဆရာပေါ့။ ခု ကျနော်ရေးနေတာတွေက အာအက်ဖ်အေ အတွက်  ရေးနေကျ ''ဒုက္ခကို  ပျားရည်ဆမ်း၍'' အသံလွှင့်ဆောင်းပါး မဟုတ်ပါ။ ဗွီအိုအေက ဆရာမောင်စွမ်းရည်ရဲ့ သက်ကြီးစကားလည်း မဟုတ်ပါ။ ရိုးတိုးရိပ်တိတ်၊ အတိတ်စာမျက်နှာကို မကြာမကြာ ဖတ်မိတဲ့ အိမ်လွမ်းစိတ် ကဗျာလို့ပဲ ပြောရမည် ထင်ပါသည်။

မဇ္စျိမ ဆရာစိန်ဝင်းက အမြဲလိုလို တလေးတစား စာမူတောင်းပါသည်။ ကြိုကြားရံခါတော့ ရေးဖြစ်ပါ၏။ ကျနော်က စာရေးကောင်းသူ မဟုတ်သလို ရေးအားလည်း ကောင်းသူမဟုတ်ပါ။ ရေးတာတွေကလည်း အကောင်းစား မဟုတ်ပါ။ သို့ပေမဲ့ ကျနော် ထုဆစ်ဖွဲ့သီရေးသားသည့် စာလေးတညိုတထွာ ကဗျာလေး ဟိုတစ ဒီတစကို ကိုစိုးမြင့်တို့ ညီအကိုတတွေက ခံစားဝေဖန်လေ့ရှိပါသည်။

မယ်သင်းကတော့ စာပေနဲ့ အလှမ်းဝေးပုံ ရပါ၏။ အိမ်တွင်း အကြမ်းဖက်မှုနဲ့ လုံးထွေးနေဟန်တူပါသည်။ ကျနော့် စာများနှင့် ပတ်သက်၍ ဖတ်ဖူးပုံပင် မရပါ။ ဒင်းတို့ မိသားစုတွေက ကျနော့် မိသားစုတွေ မောင်နှမသားချင်းတွေ လို့ ပြောလျှင် ရမည်ထင်ရဲ့။

ကိုစိုးမြင့်ကတော့ ကျနော့်ညီအရွယ် ဆိုသော်ငြား သူရဲကောင်းစိတ်ဓာတ်က ကျနော်က အကို ခေါ်ရသူပါ။ ကွန်ပါဗူးတောင် မဆောင်ကျဉ်းနိုင်တဲ့ ကျနော်လို လူစားထက် အကိုက လေယာဉ်ကြီးကို မောင်းသွားနိုင်သလို
ညီက မဇ္စျိမကြီးကို မောင်းနှင်နေသူတွေ မဟုတ်လား။

စာမျက်နှာ ၂ မျက်နှာ ၃ မျက်နှာလောက် ရေးပါးလားအကိုလို့ မပြောသော်ငြား ကျနော့်ရင်ထဲက ၈ စက္ကန့်ငြိမ် တပ်လှန့်အမိန့်ပေးသံများသာ ညံစီနေပါသည်။ ရေးလက်စ စာမျက်နှာ ၁ ကို ပြန်ဖတ်ကြည့်တော့။

ထိုနေ့က မိမိနှင့်သူငယ်ချင်း အောင်ကို (ယခု - နယူးဇီလန်)၊ ပန်းချီဒီဇိုင်း ကိုတင်မောင်ကြည် (၇၄ - ရန်ကုန် တက္ကသိုလ် ကျောင်းသား)၊ ကိုကောက်နွယ်ကနောင် (မဂ္ဂဇင်း အယ်ဒီတာ)၊ ကိုသိန်းဦး (အုတ်ဖို - အန်အယ်ဒီ
အမတ်)၊ ကိုရဲအောင်နိုင် (မဂ္ဂဇင်း သရုပ်ဖော် ပန်းချီဆရာလေး၊ ယခု သြစတြေးလျ) တို့ တယောက်နှင့်တယောက် မတိုင်ပင်ထားသော်လည်း ယမန်နေ့ ညနေက တယောက်မျက်နှာ တယောက်ဖတ်၍ ၃၄ လမ်းအောက် ဘလောက်တွင်ဖွင့်လှစ်ထားသည့် မင်းမင်းကျော် လက်ဘက်ရည်ဆိုင်၌ ဆုံစည်းစုထိုင်နေကြသည်။

မင်းကိုနိုင် အမည်ဖြင့် ရေးသားတပ်လှန့်ထားသည့် စာတရွက်၊ ဗိုလ်အောင်ကြီးရဲ့ ၄၂ မျက်နှာ၊ ရွှေဘုန်းလူရဲ့  ဖခင်ဗိုလ်ချုပ်ကဗျာတွေကို လွယ်အိတ်တိုင်း၌ သယ်ပိုးလာကြသည်ကို ကိုယ်စီ သိနေကြပါသည်။

သူငယ်ချင်းဖြစ်သူ ကိုအောင်ကိုက လွဲ၍ အားလုံးက ဆရာနတ်နွယ် ကိုင်တွယ်နေသည့် မိုးဝေ မဂ္ဂဇင်း ရဲဘော်များ
ဖြစ်ကြသည်။ လူတိုင်း လက်ပတ်နာရီကို  ကြည့်လိုက်၊ အနော်ရထာလမ်းမကို လည်ဆန့်လိုက်ဖြင့် ရင်ဖိုမောလျ
နေကြပါသည်။ ဘယ်မှာ ညာမှာ တပ်ဆင်ထားကြသည့် လက်ပတ်နာရီများကို ကြည့်ကြပုံ မတူပါ။ ရင်ခုန်သံနဲ့ စက္ကန့်တံကတော့ တူညီနိုင်မည်ဟု ထင်ပါသည်။

မနက် ၈ နာရီထိုးဖို့ ၅ မိနစ်သာ လိုပါတော့သည်။ ထိုအခိုက် ကချင်လုံခြည် ဝတ်ဆင်ထားသည့် လူငယ် ၂ ဦးနှင့်
ကျောင်းဝတ်စုံ အဖြူ အစိမ်း ဝတ်ဆင်ထားသော ကျောင်းသား လူငယ်လေး ၅ ယောက် လက်ဘက်ရည် ဆိုင်ရှေ့
ပြေးဝင်လာသည်။ ဆိုင်ရှေ့ နေကာမိုးကာ လုပ်ထားသည့် ကလဖျင်းမိုးကို ထောက်ထားသည့် ဝါးတိုင် ၂ ချောင်းကို ဆွဲဖြုတ်ချလိုက်ပါသည်။

ကျနော်တို့ အားလုံးလည်း လွယ်အိတ်ကို စလွယ်သိုင်းပြီး မတ်တပ်ရပ်လိုက်ကြသည်။ လူငယ်တဦးက သူ့  လွယ်အိတ်ထဲမှ အနီရောင် ပိတ်စများကို ဝါးတိုင်၂ ခုမှာ ချည်နှောင်ပြီး အလံ လွှင့်ထူလိုက်သည်။ ဆိုင်ထဲက
ဆိုင်ရှင်နှင့် လူတွေက လက်ခုပ်တီးကြသည်။ ချီတက်ကြမယ်၊ အကိုကြီးတို့ ကျောင်းသားလူငယ်တို့၏ ကြွေးကြော် သံနောက်သို့  ကျနော်တို့လေး နက်ယုံကြည်စွာ  လိုက်ပါခဲ့ကြပါသည်။

၃၄ လမ်း အကွေ့တွင် တိုက် ၄ ထပ်အမြင့်မှ လက်ကိုင်ပုဝါများ၊ ခေါင်းစီး အနီစများ ကျဲချလာသည်။ လူလှိုင်းကြီး၏ လှိုင်းခေါင်းများသည် အနီရောင်ဖြင့် လွှမ်းခြုံသွားခဲ့ပါတော့သည်။ ''ဆိပ်ကမ်းက အလုပ်သမားကြီးတွေ
အောက်လမ်းက တက်လာပြီဟေ့''။ ဟေး ဆိုသည့် အသံလှိုင်းကြီးမှာ ရန်ကုန်မြို့တော်ကို လှုပ်ခါလိုက်ပါပြီ။

ရန်ကုန်မြို့နှင့် အနီးတဝိုက်၊ မြန်မာပြည် တဝှမ်းက မြို့ကြီးတချို့။ လှည်းနေလှေအောင်း မြင်းဇောင်းမကျန်
သွေးမုန်တိုင်း စတင်တိုက်ခတ်ခဲ့ပါပြီ။ ကျနော်တို့ထက် ကွာဟလှသော အသက်အရွယ် ကျောင်းသား ကျောင်းသူ လူငယ်လေးများကိုကြည့်၍ မျက်ရည်ရစ်ဝိုင်းကာ သွေးဆူကြက်သီးထနေပါသည်။

၂၃ နှစ်တဲ့လား၊၂ မျက်နှာ ၃ မျက်နှာနှင့် ရေး၍ သား၍ မလုံလောက်သည့် မပြည့်စုံနိုင်သည့် လူထုသမိုင်းပါ၊ လူထုအုံကြွမှု၊ တော်လှန်ရေးကြီးတရပ်၊ လူထုအရေးတော်ပုံကြီး မဟုတ်လား။

ဆရာကြီး ဦးတင်မိုးက ကဗျာလေးတပုဒ် ရေးဖွဲ့ ခဲ့တာ ခံစားစာနာနိုင်မှာပါ။ အိမ် လည်ကြူးတဲ့သား သို့မဟုတ် အမေ့သား စကားတိုးတိုး ပြောလှဲ့ပါတဲ့။


"ကာရန်ချိုမြ၊
သွေးစ စွန်းနေတယ်။

တယောကြိုးလည်း၊
တီးတိုး ငိုကြွေးတယ်။

ဂီတာတလက်၊ အုတ်ခုံထက်မှာ
အသက်မရှိရှာတော့ဘူး။

သားတို့ကျောင်းက
ခွပ်ဒေါင်းအလံကလေး၊

ရေမြောင်းဘေးမှာ၊ သွေးတွေစွန်းလျက်၊
ညနေဘက်က
ရပ်ကွက်ထဲက လူတွေတွေ့သတဲ့။

အမေ့သား
စကား တိုးတိုးပြောလှဲ့ပါ။"


ကျနော် ဖော်ပြချင်တဲ့ ဆရာကြီးရဲ့  ရှစ်လေးလုံး သွေးမုန်တိုင်းကာလက ကျောင်းသား လူငယ်တွေရဲ့ သွေးသမိုင်း အပိုင်းအစ ကဗျာ ပါဒလေးတွေပါ။

ကျနော် အိမ်လည်ကြူးခဲ့တာ ၂၃ နှစ် ကြာခဲ့ပါပြီ။ တကြိမ်တခါမှ နောင်တမရပါ။ ယုံကြည်ရာလမ်းကို ရွေးချယ်ခဲ့တဲ့ အတွက်တော့ ပီတိဖြစ်မိတာ နှစ်ပရိစ္ဆေဒ ကြာပေါ့။ အသက်နဲ့  ရင်းခဲ့ရတဲ့ လူထုတိုက်ပွဲလေ၊ ဗိုလ်စိုးနဲ့  ဗိုလ်စိန်ရေ။ ဆက်လက်ချီတက်ရဦးမှာ။ အနာဂတ်ကို ယုံကြည်လို့ပါ။

(ရှစ်လေးလုံး သူရဲကောင်းများနှင့်
ကျောင်းသားတပ်မတော် ရဲဘော်များကို
လေးမြတ်မှုဖြင့်)

မောင်လွမ်းဏီ
တနင်္လာနေ့၊ သြဂုတ်လ ၀၈ ရက် ၂၀၁၁ ခုနှစ် ၁၃ နာရီ ၄၆ မိနစ်

No comments:

Post a Comment

;