လှသန်းဘွဲ့ 
တကျွမ်းတ၀င်
မဆုံခဲ့ပေမဲ့လည်း၊ တရင်းတချာ
ကဗျာမာယာဘုံမှာ ကြုံခဲ့ရတဲ့ ရေးဘော်။
၇၀ မိုးဝေအလွန်
၈၀ မိုးဝေ ပြန်လည်၊ ပျိုးကျဲ ထွန်ချ
နတ်နွယ်၊ မောင်သွေးသစ်က
တစ်က ပြန်စတာ့၊ ပေါင်ချိန်ကြစို့  ဆိုတဲ့  လှသန်း
မောင်လွမ်းဏီရဲ့  ရွှေစက်တော်နွေ
ကွန်စစ်ကောင်းရဲ့  ရင်ခုန်သံ
နောက်တမျက်နှာက၊ ရေးဖော်တယောက်
ထိုလ ထိုကဗျာများ
အတွင်းကဗျာ စာမျက်နှာမှာ
ကဗျာလူငယ်များအဖြစ်
မိုးဝေဆိုတဲ့ ခေတ်တခေတ်ကို
မွေးဖွား ထုဆစ်၊ ကုတ်ခြစ်တူးဆွ၊
ဆရာတွေက မျှော်လင့်ကိုးစားခဲ့ကြတယ်။
ဒတ္ထ
မင်းလည်း တသ လွမ်းရစ်နေမှာပဲ။
တို့ တတွေရဲ့  ကဗျာဖောင်က
ထောင်တွေထဲမှာ ကြိုးကျစ်ခဲ့ရတယ်။
တို့ တတွေရဲ့  ကာရံတွေက
ထောင်နံရံကို ပဲ့တင်ပြန်ခဲ့တယ်။
တို့တတွေရဲ့  သမုဒယ
ခုဘ၀နဲ့  မဆန့် မပြဲပဲ လှသန်းရာ။
ဆရာနတ် ဆုံးပါးတော့
အောင်ဝေး၊ လှသန်း၊ ကွန်စစ်ကောင်း၊ မောင်ဒေါင်းတို့ 
ခေါင်းတလားကို ထမ်းနေကြရောပေါ့လို့ 
ငါ ရေးခဲ့ပါသေးတယ်။
ငါတို့ တတွေမှာက၊ လှသန်းမှ မဟုတ်
တောအုပ်ထဲက တောပန်းတွေကို
ရဲရင့်ကြေကွဲစိတ်နဲ့ ပဲ
ကဗျာရေး၊ တေးဖွဲ့ ၊ တိမ်တောက်ချိန်
တံတားအောက်ခြေက
ရေစီးတွေ သန်မြန်နေခဲ့။
အညာသမိုင်းထဲက မြို့ တမြို့ 
ဆိုတဲ့၊ ငါ့ရဲ့ 
မစို့ မပို့  ကဗျာလေးမှာ
ဒီပဲရင်းကျောက်စာနဲ့ ဒီပရင်္ဂကဗျာကို
အလေးးအမြတ် တန်ဖိုးထားရေးတာ
မင်းသိရ၊ ငါပီတိဖြစ်ရ၊ ထာဝရပါ ရဲဘော်။
လှသန်း
ဒီပင်္ဂရ ကဗျာက
ငါ ဖတ်တိုင်း ရင်စို့ ။
အဲဒြီ့မို့မှာ
သူရဲကောင်းတွေ ပျောက်ဆုံးခဲ့ကြ၊
သစ္စာဖောက်တွေ အတောင်ပေါက်ကြ၊
လူငယ်လေးတယောက် သူ့ ဆိုင်ကယ် ကျပျောက်ခဲ့ရ၊
အမျိုးသမီးတယောက်
သေကံမရောက်၊ သက်မပျောက်ဖြစ်ခဲ့ရ၊
အံကြိတ်ရ တောက်ခေါက်ရ
အဖြစ်အပျက်တွေထဲ
ကဗျာဆရာတယောက်လည်း
ကြေကွဲထိရှ ပေါက်ကွဲခဲ့ရ။
လှသန်း ရေ
မင်းကို ဘယ်လိုလူကမှ
မီးလောင်တိုက်သွင်းမရနိုင်ဘူး။
ငါ့ကဗျာနဲ့  ဦးညွတ်တယ်။ ။
မောင်လွမ်းဏီ
၂၃ - ၁၀ - ၂၀၁၁
Subscribe to:
Post Comments (Atom)

No comments:
Post a Comment