ဥတ္တရမိုးစွန်ကြယ်

 မြန်မာပြည်မြောက်ပိုင်းနဲ့
ထိုင်း မြန်မာနယ်စပ်
ကတ္တီပါကြိုး ပြတ်တဲ့နေ့။
မပြတ်တောက်တာတွေက
မိုးဝေသံကြိုးကွင်းဆက်တွေ။
ကျနော်က
ဆရာ့ကို ခွဲခဲ့တာ နှစ် ၂၀ ကျော်
ဆရာ …
ကျနော့်ကို ထားရစ်ခဲ့တာ တသက်။
စိုးနေလင်း ပြောတယ်
ဧရာဝတီ ချင်းတွင်း မုန်းချောင်း
စစ်တောင်း၊ ကစ္စပနဒီ၊ သံလွင်သောင်းရင်း …
(သူ့ခြေရာတွေ) ထင်းထင်း ထင်ကျန်
ရှင်သန်နေဆဲပါ ဆရာ တဲ့။
အောင်ဝေး ပြောတယ်
မီးတောက်မီးလျှံတွေကြားမှာ
ကျနော်တို့ ပျံသန်းဖို့
သံမဏိအတောင်ပံတွေ
ထားရစ်ပြီ တဲ့။
ဆရာ့ ခြေရာတွေ
ကျနော်တို့  ကောက်ရမှာပေါ့
သံမဏိအတောင်ပံတွေ တပ်ဆင်ရမှာပေါ့
နွယ်နီလမ်းအိုလေးကို တမ်းတရမှာပေါ့
မောင်သွေးသစ်၊ လှသန်း ကွန်စစ်ကောင်း၊ မောင်ဒေါင်းတို့
ခေါင်းတလား ထမ်းနေကြရောပေါ့။
သားတယောက်ကို
ပုန်ကန်နွယ်လို့ အမည်ပေးခဲ့တဲ့ဆရာ
တပည့် သူပုန်ကဗျာဆရာကို
အိုစာမင်းစာတွေ ပုံသွင်းပေးခဲ့တယ်။
မောင်ချောနွယ် ပြောသလို
ကျနော်လည်း
စောပြီး နောက်ကျခဲ့တယ် ဆရာ။    ။
(ဆရာရင်း ဦးနတ် သို့)
၁၂ – ၅ – ၂၀၁၁

မောင်လွမ်းဏီ
မိုးမခ၊ မေ ၁၃၊ ၂၀၁၁

No comments:

Post a Comment

;