Showing posts with label Poems. Show all posts
Showing posts with label Poems. Show all posts
ကေသရာဇာ
ကေသရာဇာ
ရဲဘော်ဝင်းတင်
သင်ဟာ
ခြင်္သေတစ်ထောင် ပမာ
တိုင်းရင်းသား လူမျိုးစု
လူထုက ထုဆစ်တယ်။
ကမ္ဘာမကြေနေ့များ
သင့်ရဲ့ လည်ဆံတဖွားဖွားနဲ့
ကျောသား ရင်သား မခွဲခြား ချစ်သူ။
ခြေမှာ ကကြိုး၊ လက်ဖျားကဗျာ
ရာဇ၀င်ထဲမှာ ၀င်းတင်ဆိုတာ
လူထုထဲက သူရဲကောင်း။
ခြင်္သေ့ကြီး
အချုပ်အချာ၊ နန်းရပ်ထီးဖြူ၊
အလံထူလွှင့်၊ သင့်လက်ထဲမှာ။
ခြင်္သေ့ တစ်ထောင်
ခေါင်းပြန်လည့်မော့ချိန်ပါလား။ ။
(အဘခြင်္သေ့ နိုးထ ကျန်းမာပါစေ)
မောင်လွမ်းဏီ
၂၈ - ၃ - ၂၀၁၄
သံမဏိကြယ်ပြာ
ဆရာဦးဝင်းတင် အမှတ်တရ ကဗျာစာအုပ်ထဲမှာ ဖော်ပြခဲ့တဲ့ မောင်လွမ်းဏီရဲ့ ကဗျာပါ။
မဲဆောက်မိုးည
အေးမိဖြူရေ
ငါ့ကိုကူစမ်း၊ သားကိုထူစမ်း
တို့လမ်းထဲမှာ
အရုဏ်ဦးဆို
ပိတောက်ပန်းတွေ ပွင့်တော့မယ်။
မောင်လွမ်းဏီ (၁၄ ဧပြီ ၂၀၁၄)
(အမေကွယ်လွန်တဲ့ ဓပြီ ၁၂ ရက် နှစ် ၂၀ ပြည့် သို့)
အညာမြေလတ်က
ဆင်းဆင်းရဲရဲ မိန်းမတစ်ယောက်ရဲ့ 
အလောင်းကို
ရေဆေးကြတဲ့အခါ
အဲဒိ့ မိန်းမကြီးကတော့
သင်္ကြန်ကျပြီ ထင်မှာပဲ။
(အမေကွယ်လွန်တဲ့ ဓပြီ ၁၂ ရက် နှစ် ၂၀ ပြည့် သို့)
ကေသရာဇာ
ကေသရာဇာ
ရဲဘော်ဝင်းတင်
သင်ဟာ
ခြင်္သေတစ်ထောင် ပမာ
တိုင်းရင်းသား လူမျိုးစု
လူထုက ထုဆစ်တယ်။
ကမ္ဘာမကြေနေ့များ
သင့်ရဲ့ လည်ဆံတဖွားဖွားနဲ့
ကျောသား ရင်သား မခွဲခြား ချစ်သူ။
ခြေမှာ ကကြိုး၊ လက်ဖျားကဗျာ
ရာဇ၀င်ထဲမှာ ၀င်းတင်ဆိုတာ
လူထုထဲက သူရဲကောင်း။
ခြင်္သေ့ကြီး
အချုပ်အချာ၊ နန်းရပ်ထီးဖြူ၊
အလံထူလွှင့်၊ သင့်လက်ထဲမှာ။
ခြင်္သေ့ တစ်ထောင်
ခေါင်းပြန်လည့်မော့ချိန်ပါလား။ ။
(အဘခြင်္သေ့ နိုးထ ကျန်းမာပါစေ)
မောင်လွမ်းဏီ
၂၈ - ၃ - ၂၀၁၄
နယ်စပ်က ပို့တဲ့ ထောင်ဝင်ကဗျာ
ထောင်မှာအကျဉ်းထား
လ ရက် လား တူမောင်။
ပုဒ်မ ၁၈
ကျုပ်တို့ခေတ်မှာ
ပြာစ လွင့်ပျံ စေရမယ်။
အဖွား
ကြားပါစေ
ပေပေါ်တင်ထု ထုချင် ထု
မီးပေါ်တင်ရှို့  ရှို့ ချင်ရှို့ ။
ဒီငြိမ်းလင်း ဓား
ကြေမသွားဘူး၊
ဘုရားစူး စေ့ ကျိန်ရတယ်။ ။
မောင်လွမ်းဏီ
၂၃ - ၁၁ - ၂၀၁၃
ငွေအိုရောင်နှစ်များ။
စက်တင်ဘာ ၁၈
၂၅ နှစ်။
၂၀၀၈ ဖွဲ့ စည်းပုံ
၅ နှစ်။
ပြုပြင်ပြောင်းလဲ
၃ နှစ်။
နော်အုန်းလှလည်း
၂ နှစ်။
ဟိုလူ ဒီလူ တအုပ်လည်း
ပုဒ်မ ၁၈။
ပြည်ဝင်ခွင့်ဗီဇာတွေလည်း
ဒိုးယိုပေါက်အသစ်။
ကားပါမစ် နဲ့ 
တို့ ခေတ်ကလည်း တဆောင်းသစ်ပြန်ပြီ။ ။
မောင်လွမ်းဏီ
၃၀ - ၈ - ၂၀၁၃
ခံတပ်
ခံတပ်
ရန်သတ်ဖို့၊ ရန်ပြတ်ဖို့ 
ရင်နဲ့ ဖြတ်တဲ့ နှောင်ကြိုး။
ခံတပ်
သွေးနဲ့သား၊ ကပ်ထားရတဲ့
သင်္ချိုင်းတု။
ခံတပ်
အနိုင်အရှုံး ကို
အကျအဆုံးနဲ့  တိုင်းတဲ့
သမိုင်းမှတ်တိုင်။
ခံတပ်ပေါ်က၊ ခေါ်သံတွေလား
နားထောင်စမ်းပ၊ ကြားယောင်မှန်းဆ
ဓားတောင်တန်းက နားစွင့်ချိန်။
မကြံအပ်ငဲ့
ခံတပ်ကိုပင်၊ ကြံဖတ်လိုမှတ်
သံအမတ် စံအိမ်ထင်ပြီကော။ ။
မောင်လွမ်းဏီ
၁၈ - ၁၀ - ၂၀၁၃
တောင်ပြူတင်း
နော်အုန်းလှ လား
ဒေါ်အုန်းလှ လို့ ခေါ်ရမလား
ကိုကိုးကျွန်းများရှိရင်
ခင်ဗျားက
ဓားတောင်ကိုကျော် မီးပင်လယ် ဖြတ်အုန်းမှာ။
လက်ပံတောင်းကို
ခေါင်းအုံးမှတ်ထင်၊ ရင်ခွင်ပိုက်
ဒါကြောင့်လည်း
ခင်ဗျားကို မိုက်တယ်ပြောတာပေါ့
အင်္ဂါထောင့်က စောင့်နေကြတယ် အနော်။
ဆူးလေတ၀ိုက်က
ခိုတွေ
ငိုနေတယ် နော်အုန်းလှ
အစာမဲ့သူတွေက
ထောင်ဝ ပျံဝဲတယ်
လွမ်းသူတွေက
အမှတ်တရ ဖယောင်းတိုင်တွေ ဝေငှပါလိမ့်မယ်။
နော်အုန်းလှ
တောင်ပြူတင်း
ထောင်အကျဉ်းက ပြုံးနေတာ
ကဗျာ ဖြစ်ပါတယ်။ ။
မောင်လွမ်းဏီ
၅ - ၉ ၂၀၁၃
သမဂ္ဂတိုက်ပုံ
Students' Union Jacket With Soul
"At Hling TharYar,
They run out of yarns
Still orders are not met yet,
Their hands keep on sewing, Ma AyeSoe."
"I see in a distant land—
All are busy picking clothes
naming masters to be endorsed.
In Maesod,
We sew skin and soul---
a tapestry of a union jacket.
So I urge you to find classic lines
to deem it archetypal & timeless
This is called “Seven July”,
Well, it’s indeed The only Chronicle---
to be swen & beautified---eternally."
Translated by (aasw)
2013-7-7
သမဂ္ဂတိုက်ပုံ
လှိုင်သာယာမှာ
သိုးမွေးချည် ပြတ်နေပေမယ့်
အထည်ကျန် ချုပ်နေရ သတဲ့
မအေးစိုး။
အဝေးက
အထည်ရွေးသူနဲ့ 
သူဌေး ရွေးနေကြတာ တွေ့တော့ ...။
မဲဆောက်မှာ
ကျုပ်တို့ ချုပ်တဲ့ အလုပ်က အရေပြား
နှလုံးသားက သမဂ္ဂဂျာကင်
ခင်ဗျား ဂန္ထ၀င်ဖြစ်အောင် ရေး
ဆဲဗင်းဂျူလိုင်ဟာ
အမြဲတမ်း ချုပ်နေရမယ့် ပြက္ခဒိန်။ ။
မောင်လွမ်းဏီ
၅-၇-၂၀၁၃
“ကြွေးမြီတောင်”
“ကြွေးမြီတောင်”
သူတို့ တွေက
တောင်ကြည့်ပွဲ သွားကြတယ်၊
အဝေးက လူတချို့ 
သူတို့  မျက်ဝန်းထဲက
aတာင်တွေကို ကြည့်မိကြတယ်။
သူတို့ တွေက
မိုးရွာတော့ ထွန်တုံးပြင်ကြတယ်၊
မနီးမဝေးက လူတချို့ 
သူတို့ ယာမြေကို
အသက်နဲ့  တွက်ထွာ ကြည့်နေကြတယ်။
ထန်းတပင်က
သူတို့ အရပ်ထက် မြင့်တယ် ဆိုပေမဲ့
သူတို့  မွေးတဲ့ သား။
မြေတကွက်က
သူတို့ သင်္ချိုင်းထက် ကျယ်တယ် ဆိုသော်ငြား
ဘိုးဘွား ခေါင်းချရာ။
တောင်တတောင်က
သူတို့  ခြင်ထောင်ထက် လုံခြုံတယ် ပြောသပေါ့မောင်
တောင်မှီ တောမှီတွေကိုး။
ဖြောင်းဖြသူ အရ
သိက္ခာနဲ့  လဲပေးလိုက်ရသတဲ့
ချင်းတွင်းမြစ်ငဲ့
လက်ပံတောင်းနယ်မှာ မာလာက ခံပွင့်။ ။
မောင်လွမ်းဏီ
၁၄ - ၅ - ၂၀၁၃
The Hills of Debt
They left for the Fair to admire the hills,
There came long-distance travelers,
Who saw the reflection of hills in their eyes.
They prepared the plough in the fields,
Right at the moment the rain teased—
Some calculated their destiny,
Trading life for the land.
This lofty palm is tall,
Way taller than they are—
Yet this tall tree is just their son!
This patch of land might be large,
Way larger than their graveyard---
Yet this is where folks retired.
Oh, Little Lad: These hills are safe,
Safer than a mosquito net, they said:
Caz’ they fall back on woods and hills.
Oh! The Chindwin River:
Here came a pacifier.
This covenant withered purity nonetheless,
Her candor is gone!
Sunk are the flowers, underdogs in the hills.
Mg Lwan Ni
translated by (aasw)
ကြေးနဲ့ သွင်းတဲ့ တောင်ရုပ်တု
ကြေးနဲ့ သွန်းတဲ့ တောင်ရုပ်တု
ထန်းရွက်ကိုကာ
ထန်းရွက်မိုးခို၊ ရိုးရိုးသားသား
ထန်းရိပ်ဖျားမှာ၊ နားနေအိပ်စက်
သနတ်ခါးလေး ပါးပြင်မွှေးတယ်။
ကြေးနီရောင်လက်
လင်းမထွက်။
ထန်းလက်ပြားနဲ့ 
အသက်ကိုကာ၊ မြေယာတိုက်ပွဲ
ချွေးရွှဲတောင်ညို၊ သွေးရဲမောင်ကို
အိုဇာမင်းဇာ၊ ဇာတာ ပေရွက်
အသက်ထက်ဆုံး၊ အပြုံးနဲ့ ကူ
ဝက်မှေးသူလား၊ ဆည်တည်သူလား၊ ထိန်သူလားကွယ်။
ကြေးရောင်ကျည်ဆံ
ရင်ကိုမှန်တော့။
ကိုယ့်အားကိုယ်ကိုး၊ တောင်မကျိုးဘူး
ကိုယ့်ဂုဏ်သိက္ခာ၊ ရွာမပျက်ဘူး
ကိုယ့်ထန်းတပင်၊ အသက်ရှင်ရေး
ကိုယ့်ဆွေမျိုးဆက်၊ ယာဆက်ထွန်ရေး
ကိုယ့်ကြေး ကိုယ့်မြေး မွေးကြလော့
ကိုယ့်ဓားကိုယ်ရွေး သွေးကြတော့။ ။
မောင်လွမ်းဏီ
၂၈ - ၄ - ၂၀၁၃
ဒေါင်းဖတ်စာ မှာတော်ပုံ
ဒေါင်းလံပုဝါ အုပ်ပါလို့ 
ကျုပ်တို့ လည်း ပို့ ဆောင်လိုက်ပါခဲ့သပေါ့။
ကောင်းကျိုး အထွေထွေနဲ့  ချွန်စေမြစေစော
ဒေါင်းအိုးဝေရယ်တဲ့ တွန်စေ ကစေသော လို့ 
အဖိုးသခင်ကလည်း ပြောခဲ့တယ်။
တပ်ဦးကျောင်းသားရဲ့ ဒေါင်းအိုးဝေက
မင်းရာမကို
ဒေါနတောင်ပေါ်က ခွာချလို့  မရ
တော်လှန်ဘ၀ ရုပ်ကြွင်းတွေက အလေးပြုကြတယ်။
မောင်လွမ်းဏီ
၂၆ - ၄ - ၂၀၁၃
ဒင်းက . . အလိမ်ကောင်း . . စနစ်ဟောင်းကို အမွေဆက်ခံနေသူ
ဒင်းက . . သာမန်ကာရှန်ကာ လူလိမ် မဟုတ်ဘူး
ဒင်းက . . ရာသက်ပန် လူလိမ်ပဲ
ဒင်းက မူမမှန်တဲ့ စိတ်ထားတွေ ရှိတယ်
စစ်အာဏာရှင်တော်လှန်ရေးကို ချေမှုန်းလို့ 
စစ်ခရိုနီတွေကို မ တင်ခဲ့။
မြေသိမ်းယာသိမ်း ကာလပါ
အနည်းဆုံးတော့ တိုင်းပြည်ကို စေတနာမဲ့တာ
ဒင်းမျက်လုံးတွေမှာပေါ်တယ်
ဒင်းအပြုံးတွေမှာပေါ်တယ်
ဒင်းလုပ်ရပ်တွေမှာပေါ်တယ်
ဒင်းမှာ ခွက်ဆွဲတွေရှိတယ်။
ဒင်းမှာ တရားလွဲချက်တွေ ရှိတယ်။
ဒင်းက အသက်တိုနေပြီ
ဒင်းက ကတုန်ကယင်ဖြစ်နေပြီ
ဒင်းမှာ စာနာမှုမဲ့နှလုံးသားကို
ဒရက်ကူလာ အကူအညီနဲ့  အသက်ဆက်ဖို့ 
ဒင်း လောဘမောဟ ဖိစီးမှုကို ဘယ်သူတွေကများ စာနာနားလည်ပေးမလဲ
ကာကွယ်ပေးကြမလဲ
ဒင်းက လူလိမ်လို့  အပြောခံရမယ်
ဒင်းက ရွှေပန်းနဲ့  အကြိုခံရမယ်
ဒင်းက မိကျောင်းမျက်ရည် ထွက်ကျပြမယ်
ဒင်းတို့ ဘောင်းဘီချွတ်စစ်အုပ်စုမှာ ဒင်းက မင်းလောင်း
ဒင်းတိုင်းပြည်မှာ ဒင်းက ကျွန်ခေါင်း
စနစ်ဟောင်းကို ဒင်းရဲဝံ့စွာ ကာကွယ်တယ်
ဒင်းက သာမန်စစ်ရာဇ၀တ်သားတယောက်ပဲ
ဒင်းမှာ အစွမ်းထက် ခုခံချေပချက်တွေ မရှိဘူး
သေလိုရာသေ နစ်လိုရာနစ်
စနစ်ကို ချက်ချင်း မပြောင်းလိုဘူး
အရာရာကို နောက်ကွယ်နဲ့ ရှေ့ ကာကို ဒွန့် တွဲလို့ 
ဒီမိုကရေစီကို အယောင်ဆောင်နေတယ်
ဒင်းမှာ တိုင်းပြည်အတွက် လက်တွဲမဲ့ မော်ဒယ်တစ်စုရှိမယ်
ဒင်းမှာ တိုင်းပြည်အတွက်လက်တွဲမယ့် ၈ ပူးတွေရှိမယ်
ဒင်းမှာ တိုင်းပြည်အတွက်လက်တွဲမယ့် ဦးပိုင်တွေရှိမယ်
ဒင်းမှာ စစ်တပ်ကို အားကိုးစိတ်ရှိမယ်
ဒင်းရင်ခုန်သံဟာ တိုင်းပြည်အတွက် အဆိပ်တစ်စက်
အဖက်ဖက်ကနေ ကြည့်ပါကွယ်
ထောနေပါပြီ
ဒင်းသွားနေတဲ့ခရီးတိုင်းမှာ ၂၀၀၈ အတွက်
မျက်နှာလည်းမွဲ အရှက်လည်းရ မျက်ရည်ကျ
ကလင်တန်ကို အဖေခေါ်ရ
အိုဘားမားကို ပထွေးတော်ရ
ယင်လတ်ကို ခစားခန
ဘယ်သူတွေကမှ ဒီအဖိုးအခကိုသိဖို့ မလိုဘူး။
ဒင်း ရှောပါတော့မည်
အနာဂတ်ကို အမှောင်ချ
အစွမ်းကုန် ပိန်းပိတ်ထားချင်သူ
ဒင်းပုံစံက လှောင်စရာကောင်းနေလို့ ပဲ
ဒင်း မျက်ဝန်းတွေက မသမာမှုတွေလုပ်နေလို့ပဲ
ဒင်းအပြုံးတွေက အရေခြုံတွေမို့ ပဲ
ဒင်းမှာ ဒင်းမလွန်ဆန်နိုင်တဲ့ ဖိအားတချို့ 
ဒင်းမှာ မသိကျိုးကျွံ ပြုနေရတဲ့ ဒုက္ခသည်တချို့ 
ဒင်းမှာ ဒင်းထမ်းမတင်ချင်တဲ့ အနာဂတ်တချို့ 
နံနက်ခင်းတိုင်းမှာ ဒင်းပျော်ရွှင်နေနိုင်သလို
ပြည်သူတွေက ပျော်ရွှင်စွာ မနေနိုင်ခဲ့ကြပါ
ဒင်း ရှင်းချင်နေတယ်
အမှောင်ထဲက သူရဲကောင်းတွေကို ဖယ်ရှင်းဖို့ 
အာဏာရှင်အတွက် ရမက်စိတ်
ဒင်းနေ့ ရက်တိုင်းအတွက် ထိပ်ဦးကင်းထက်မှာရှိတယ်
ဒင်းလက်တစ်စုံဟာ သန်းရွှေအတွက်
ဒင်းခြေတစ်စုံဟာ ရွှေမန်းအတွက်
အဖက်ဖက်ကနေ တလေးတစား
အကြွေးများနဲ့တိုင်းပြည်ကို အုပ်ချုပ်
မြန်မာပြည်ရဲ့ စစ်ရုပ်သေးရုပ်ပါ။
ဒင်း ဘယ်လောက်ထိ ဆက်လိမ်ညာနိုင်မလဲ
တစ်သက် နှစ်သက် သုံးသက်
အာဏာက လုပ်ပိုင်ခွင့်ကို ပွားစီးတယ်
ငွေအားက လုပ်ပိုင်ခွင့်ကို အားကောင်းတယ်
ဘယ်တော့မှ လက်မလွှတ်ဘူး
ဘယ်တော့မှ လက်မလွှဲဘူး
ဒင်းချစ်တဲ့ စစ်ခရိုနီခေတ်ကို ထူထောင်တဲ့ လူလိမ်။
သက်တန့်ခါး
အမွေ
လက်ပံတောင်းက
ကြေးမောင်း ဒူ ဒူ
မအူပင်ကို ရောက်လာပြီ။
ဘယ်သူ့ အတွက်
ဘာအတွက်လဲ၊ ရဲမှုထမ်းက
လူသတ်လက်နက် သုံးမလား
လယ်သမားလည်း
ဓားကိုင်စွဲခွင့်ရှိတာပဲ။
ကိုယ်ဝန်ဆောင်တောင်
မရှောင်ရိုက်ခိုင်း၊ သမိုင်းမြင်ကွင်း
ပွင့်လင်းမြင်သာလှချည့်ရဲ့ ။
တို့ ဘိုးဘွားမြေ၊ တို့ အဖေ့ယာ
တို့  ခုတ်ထွင်တယ်၊ တို့ ထွန်ယက်မှ
အသက် ၀ ၀ ရှူလို့ ရတယ်၊
တမှေးခန အိပ်ရေးဝတယ်၊
ဘာများ မှားတာ ရှိလို့ လဲ။
ဗေဒါခေါင်းထောင်
ငါးဖောင်ကြိုးဖြုတ်၊ ဘဲအုပ်ကိုမောင်း
ရေကြောင်းကိုပြင်၊ လှေလောင်းကိုဆင်
မြစ်ပြင်ကထွက်၊ ကန်ဘောင်တက်ကြ
မလက်တိုက စိန်ခေါ်ပြီ။
မြစ်ဝကျွန်းပေါ်၊ အရေးတော်ပုံ
ဂဠုန် သူပုန် ထပြီတင့်။
မောင်လွမ်းဏီ
၂၇ - ၂ - ၂၀၁၃
ဓာတ်ပုံတွေ ရေးတဲ့ကဗျာများ - ၇
ပကတိ ထီးတည်း၊
ကျပ်တီးကုန်းခြောက်၊ တောင်နွေအောက်မှာ
ခမောက်ဒိုင်းကာ၊ နှီးဖျာကျောခင်း၊
ထမင်းထုပ်လွယ်၊ ကွမ်းထုပ်သယ်ရင်း။
နှီးခမောက်နဲ့ 
ခါးထောက်မထီ၊ အင်္ကျီကွက်ကြား၊
သနပ်ခါးမံ၊ နောက်ဆံတင်းရိုး
အမျိုးထဲမှာ မရှိ ဟေ့။
တိမ်ညွန့် စားမဲ့
ဝါးတံအဖျား၊ အလံရဲလွှင့်
အသင့်ဖြစ်နေပြီတဲ့ အေ့။
ဟောဒီ့သဲချောင်း
နောက်ကြောင်းမဆန်ခဲ့သမျှ၊
နောက်ပြန်လညှ့် လည်း မကြောက်ဘူး၊
နောက်ဆုတ်ရန် တံတားလည်း မရှိဘူး။
မောင်လွမ်းဏီ
၂၆ - ၂ - ၂၀၁၃
ရွှေစက်တော်ည
မအိပ်ချင်ဘူး
ချောင်းကူးတံတားထက်၊ ပွေ့ဖက်ဂီတ
"ကော်ဖီခါးခါး" လျှာယားဖြေမယ့်ည။
မအိပ်ချင်ဘူး
မူးဝေအော့အန် လက်ကျန်ဖန်ခွက်
မချင့်တွက်တော့ ရှေ့ဆက်ကြမယ့်ည။
မအိပ်ချင်ဘူး
လိပ်ဥတူးဆွ လောဘမီးလောင်
တောက်လောင်ကြီးထွား၊ စီးပွားဖြစ်မယ့်ည။
မအိပ်ချင်ဘူး
ကြည်ညိုဖူးမြော် ခြေတော်ရာရိပ်
ပုတီးစိတ်ရင်း နိဗ္ဗာန်ရည်မယ့်ည။
မအိပ်ချင်ဘူး
ပေါင်းကူးရင်ခုန် အရုဏ်ငံ့လင့်
ကမ်းဆင့်ဝေဒနာ ကဗျာပွင့်မယ့်ည။
[ပဲပြုတ်ကျက်ရင်]
အိပ်ချင်ပြီအမေ
တောင်ခြေကဝါး စပါးဖြစ်ပြီလား
ချောင်းငါးသီတံ ကြွေးကျန်ရှင်းပြီလား
ဝါးကျည်တောက် ကောက်ညှင်း
ဟင်း ဖြစ်ပြီလား။
လင်းအားကြီးကြ လာသမျှကား
ရွှေကြိုသွားလုပ်ရဦး (အုံး) မှာ။
မောင်လွမ်းဏီ
၈၈၊ ဧပြီ၊ မိုးဝေ
ကျနော် မိုးဝေမဂ္ဂဇင်းမှာ ရေးခဲ့တဲ့ ဒီကဗျာလေးက ၂၀၁၃ ဧပြီ ဆို ငွေရတုတိုင်ပြီပဲ။
ဇာတိရွာဘုရားပွဲကိုလည်း အောက်မေ့မိပြန်ပါတယ်။
မန်းရှာရေ
မန်းရှာရေ
မြစ်ဝကျွန်းပေါ်က
တို့ဘ၀တွေယူခဲ့ …
မန်းရှာရေ
ပဲခူးရိုးမက
အချစ်ညတွေယူခဲ့ …
မန်းရှာရေ
ဒေါနတောင်တန်းက
တောပန်းတွေယူခဲ့ …
မန်းရှာရေ
နင့်သေနတ်ကို
နင်ကိုင်လာခဲ့ …
မန်းရှာရေ
သွေးစွန်းနေတဲ့
သင်တိုင်းတွေဝတ်ခဲ့ …
မန်းရှာရေ
အမျိုးသားရေး
လွတ်မြောက်ရေးတွေကျောပိုးခဲ့ …
မန်းရှာရေ
နင့်ရဲဘော် နင့်သားသမီး
စူးနစ်ယုံကြည်ထားရစ်ခဲ့ …
အဆိပ်လူးထား
ကျည်ဖူးတစုံ ရင်အုံနဲ့လဲ
မကြေကွဲနဲ့ နမ့်ကျင်ရွှေ
နင်မှာတာတွေ
ကမ္ဘာမြေပေါ် ကျန်ခဲ့ပြီ …။ ။
မောင်လွမ်းဏီ
(၁၅-၂-၂၀၀၈)
(ဆရာမန်းရှာနှင့် အမနမ့်ကျင်ရွှေသို့ …)
ဓာတ်ပုံတွေ ရေးတဲ့ ကဗျာများ - ၆
 ပိန်းကြာရွက်ပေါ် ရေမတင်ပေမဲ့
ငရဲပြည်က ရေကတော့
အရေပြားပေါ် သေရာထင်တယ်။
အပေးအယူ လုပ်ရမယ် ဆိုရင်
အကြော်ဆီပူနဲ့  သနတ်ခါးလူးပေးချင်ပ
တရားမျှတမှုကို သြ၀ါဒကထာနဲ့ ရောချကြရင်လည်း
လူရာမ၀င်နိုင်ဘူး၊ အရူးက တမူးပဲ သာမယ်။
တရားဥပဒေက
ဘယ်သူတွေကို စိုးမိုးနိုင်လဲ
ဘယ်သူတွေကို စိုးမိုးနေလဲ
ဘယ်သူတွေက တရားဥပဒေကို စိုးမိုးနေတာလဲ။
မဏ္ဍိုင် ၄ ခုလုံး လဲနေတာကိုပဲ
အမျက်ဖြေလင်္ကာ ရွတ်ခိုင်းနေကြသေး။
အသားထဲက လောက်ထွက်နေမှတော့
ဝန်ချတောင်းပန်ရင် ကြေအေးသယောင်
ဟန်ဆောင်ပေးရမှာပေါ့ ဒကာ
လောင်မြိုက်နေတဲ့ အရည်ပြားကို
နူးညံ့တဲ့ ဂွမ်းစနဲ့  ကရုဏာတွေ သုတ်လိမ်းပေးနေလည်း
အသွေး အသား အသည်းက နာကျင်တာပါ၊
ဝေဒနာကို ဝေဒနာလို့ ရှုမှတ်ပါတယ်။
သုခိအတ္တနံ ပရိဟရ န္တု
သာဓု သာဓု သာဓု။     ။
မောင်လွမ်းဏီ
၁ - ၁၂ - ၂၀၁၂
;